တရုတ်ကို ပညာပြန်ပြနေပြီဖြစ်တဲ့ အာဆီယံနိုင်ငံများ

တရုတ်ကို ပညာပြန်ပြနေပြီဖြစ်တဲ့ အာဆီယံနိုင်ငံများ

Posted on

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံအများစုက နဝတ နအဖ ခေတ်ကလို မဟုတ်ဘဲ ရပ်တည်ချက် ခိုင်ခိုင်မာမာဖြစ်ဖို့ ကြိုးစားနေတာ အထင်အရှား တွေ့ရပါတယ်။

တရုတ်ကို ပညာပြန်ပြနေပြီဖြစ်တဲ့ အာဆီယံနိုင်ငံများ

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ဗြောင်ဝေဖန်တာတွေ လုပ်ခဲ့သလို ဖနွမ်းပင်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတောင် သွားမတက်ဖို့ ဆုံးဖြတ်တာတွေကို တွေ့ကြရမှာပါ။

သံတမန်စကားတွေ သုံးပြနေကြပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ဝန်ကြီးကို ဖိတ်ကြားထားတဲ့သတင်းပေါက်ကြားခဲ့လို့ ကန့်ကွက်တဲ့အနေနဲ့ အကြောင်းအမျိုးမျိုးပြပြီး မတက်ကြတာပါ။

တရုတ်အလိုကျ လိုက်ပါကစားရတာ များခဲ့တဲ့ အာဆီယံဟာ ဒီတခါ မြန်မာ့အရေးမှာတော့ ဘေဂျင်းအကွက်တွေအတိုင်း လိုက်ပါကစားတာ မတွေ့ရပါဘူး။ တကယ်ကတော့ ဘေဂျင်းအကွက်ကို လိုက်မကရုံမက ဘေဂျင်းနဲ့ကို တန်ပြန် စီးချင်းထိုးကစားနေတဲ့ နိုင်ငံတွေ ဖြစ်လာနေပါပြီ။

တောင်တရုတ်ပင်လယ်နဲ့ ဖိလစ်ပိုင်ပင်လယ်မှာ ဗိုလ်ကျ အနိုင်ကျင့်တာတွေ များလာတာကို မခံနိုင်တော့တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက စတင်တယ်ပြောရမှာပါ။

ဖိလစ်ပိုင်သမ္မတ ဒူတာတေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ တရုတ်အစိုးရနဲ့ အင်မတန် သင့်မြတ်လိုက်လျောခဲ့သူပါ။ ဒါပေမယ့် ဖိလစ်ပိုင်ရေပြင်ကို တရုတ်ငါးဖမ်းသင်္ဘောတွေ ရာချီကျုးကျော်ခဲ့သလို ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတွေကို ပိတ်ဆို့လာတဲ့အထိ ဖြစ်လာချိန်မှာ သူ့ရဲ့သည်းခံနိုင်စွမ်း ကုန်သွားပါတယ်။

ရပ်ဆိုင်းထားတဲ့ အမေရိကန်နဲ့ စစ်ရေးသဘောတူစာချုပ်တွေ အမြန်ပြန်ချုပ်ဆိုသလို ဖိလစ်ပိုင်ရေပြင်မှာ အမေရိကန်တပ်တွေ အခြေချ ရပ်နားခွင့်တွေ ပေးခဲ့ပါတယ်။ အခု နောက်ဆုံးအနေနဲ့ ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးရှိတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို တရုတ်ရန်က ကာကွယ်ဖို့ဆိုပြီး အိန္ဒိယဆီကနေ ဝယ်ဖို့ပြင်နေပါပြီ။

အလားတူ အင်ဒိုနီးရှားနိုင်ငံကလည်း တရုတ်ကိုတင်ပို့နေတဲ့ ကျောက်မီးသွေးနဲ့ နီကယ်တွေကို ပြည်တွင်းလုံလောက်မှု မရှိဘူးဆိုပြီး ဒီဇင်ဘာမှာ ရပ်ဆိုင်းခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ပိတ်ပင်မှုဟာ တရုတ်လောင်စာအတွက် အကြီးအကျယ် ပြဿနာတက်ခဲ့ပါတယ်။ တရုတ်သမ္မတကိုယ်တိုင်က အင်ဒိုသမ္မတကို နှစ်ကိုယ်ကြား ဖုန်းဆက်တောင်းပန်ခဲ့ရတဲ့ အဆင့်ပါ။

အမြဲတမ်း ကိုယ်ကျိုးစီးပွါးပဲ ကြည့်တယ်ဆိုတဲ့ စင်ကာပူကတော့ ပိုတောင်ကန့်လန့်တိုက်ခဲ့တယ်ပြောရမှာပါ။ အမေရိကန်နဲ့ ဗြိတိန်လေယာဉ်တင်သင်္ဘောအုပ်စုတွေကို လက်ခံခဲ့သလို တိုင်ဝမ်တပ်မတော်နဲ့ ဒီဇင်ဘာလထဲမှာပဲ တိုင်ဝမ်ကျွန်းပေါ်မှာ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီ

သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပါအောင် လုပ်ခဲ့ပေမယ့် တရုတ်အစိုးရက သိခဲ့ပါတယ်။ တခြားအာဆီယံနိုင်ငံတွေပါ ကူးစက်မှာစိုးလို့ တရုတ်အစိုးရဟာ သိသိနဲ့ မသိချင်ယောင်ဆောင် ရေငုံနှုတ်ပိတ်ခဲ့ရတာပါ။

အလားတူ မလေးရှားကလည်း သူ့ဝေဟင်ပိုင်နက်နဲ့ ရေပြင်ကို အကြိမ်ပေါင်းများစွာ ကျူးကျော်ထောက်လှမ်းနေတဲ့ တရုတ်ကို သည်းမခံနိုင်တော့ဘဲ အမေရိကန် ပြင်သစ်တို့နဲ့ စစ်ရေးလေ့ကျင့်တာတွေ လုပ်ပြခဲ့ပါတယ်။ ထောက်လှမ်းရေးသတင်းတွေအရ ကိုကိုးကျွန်းနားမှာတောင် ဟန်ရေးပြခဲ့ကြတယ်ဆိုပါတယ်။

တရုတ်ကိုတောင် တန်ပြန်ကစားနေကြပြီဖြစ်လို့ မြန်မာ့အရေးမှာ ခပ်မာမာရပ်ပြနေနိုင်ကြတာလို့ ယူဆနိုင်ပါတယ်။ သူ့ကို တန်ပြန်ကစားနေမှန်းသိတဲ့ တရုတ်ကလည်း ကမ္ဘောဒီးယားနဲ့ ပွဲထုတ်စမ်းသပ် ကစားကြည့်တာပါ။

တဖက်ကလည်း အင်ဒိုနဲ့ စင်ကာပူကို ချော့လုံးတွေနဲ့ ပြန်လုံးဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါပေမယ့် တန်ပြန်တိုက်ကွက်တွေ သိသွားကြပြီဖြစ်လို့ တရုတ်အနေနဲ့ အရင်လို ဘေဂျင်းကွက်မျိုးနဲ့တော့ မရလောက်တဲ့အခြေအနေ ဖြစ်နေတာတွေ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin

ဆွေးနွေးပွဲတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရမယ်။ သူ့ကို တရားစွဲထားသည်ဖြစ်စေ ဆွေးနွေးပွဲတွေမှာ သူမပါလို့မရဘူး ပါရမယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin ကပြောဆိုလိုက်သည်။

၂၀၂၁ မှာ အင်ဒိုပစိဖိတ်ဒေသ အင်အားချိန်ခွင်လျှာတွေ အများကြီးပြောင်းသွားတာလည်း ပါပါတယ်။ တရုတ်ကို ထိိန်းချုပ်ကန့်သတ်ဖို့ ရည်ရွယ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ စစ်ရေးမဟာမိတ်အဖွဲ့ပေါ်လာသလို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယ ပါတဲ့ The QUAD အဖွဲ့ကလည်း အသက်ဝင်စပြုနေပါပြီ။

အဲဒီအတွက်လည်း တရုတ်ကို အာဆီယံနိုင်ငံတွေက တန်ပြန်ကစားလာရဲတယ်ပြောရမှာပါ။ တရုတ်အပေါ် အခုလို တန်ပြန်ကစားနိုင်ခြင်းဟာ အာဆီယံအပေါ် တရုတ်ရဲ့လွှမ်းမိုးမှု သေချာပေါက် ကျဆင်းနေပြီလို့ ပြောနိုင်သလို မြန်မာ့ဒီမိုကရေစီအရေးအတွက် တစုံတရာ အထောက်အကူပြုနိုင်မှာတော့ အသေအချာပဲဖြစ်ပါတယ်။

မောင်နွေဦး

Leave a Reply

Your email address will not be published. Required fields are marked *